Thursday, November 20, 2008

အဝေးက မေမေ


မှတ်မှတ်ရရ ဟေမန္တနှင်းမှုန် တွေစကြွေခါစ ညကာလမှာ အဝေး ကအမေ့ထံ ဖုန်းဆက်ဖြစ်ခဲ့သည်။ တကယ်ဆိုရင် ကျွန်တော်ကသာ အဝေးမှာရောက် နေတာပါ။ အမေ ကတော့ နဂိုနေမြဲ ရန်ကုန်မြို့ကြီးမှာပါ။ အမေရိပ်သာက ထွက်လာပြီ။ ကျန်းကျန်းမာမာရှိနေသည်ဆိုသည့် သတင်းက အဝေးရောက်သားတစ် ယောက်၏ရင်ကို အေးမြစေခဲ့သည်။ ဖုန်းဆက်၍ အမေ့အသံကြားရ သောအခါ ရင်ထဲမှာ ပို၍အေးမြ သွားသည်လေ။

”အမေ..ကျန်းမာတယ် နော်””အေးကွယ်..၄ လစလုံး ရိပ် သာဝင်ခဲ့တာဆိုတော့ နည်းနည်း တော့ နုံးတာပေါ့။ ဒါပေမဲ့ ကိစ္စမရှိ ပါဘူး။

ခုနကပဲ အားဆေးတစ်လုံး သွင်းပြီးသွားလို့ နေသာထိုင်သာ ရှိ နေပြီ”

”ဘာလိုသေးလဲအမေ”
”ဘာမှ မလိုပါဘူးကွယ် သား ရောနေကောင်းလား”
”ကောင်းပါတယ်အမေ”
”အေးကွယ်၊ ကျန်းမာရေးတော့ ဂရုစိုက်ပါ။ ဆောင်းဝင်လာပြီ အဲဒီ မှာအေးတယ်မဟုတ်လား”
”ဟုတ်တယ်အမေ.. ဒီမှာ တော့ တော်တော်အေးလာပြီ။ ဒါပေ မဲ့ ဘာမှ မပူပါနဲ့ ရန်ကုန်မှာ ဗီရိုထဲ သိမ်းထားခဲ့ရတဲ့ အနွေးထည်တွေ အတိုးချဝတ်နေရတယ်အမေ”ကျွန်တော့်စကားကြောင့် အမေရယ်လေသည်။ အမေ့ရယ်သံ ချိုချိုလွင်လွင်သည် တယ်လီဖုန်းဒိုင် ခွက်မှတစ်ဆင့် ကျွန်တော့နားထဲ၊ ထို့နောက် ကျွန်တော့်ရင်ထဲသို့ တစိမ့်စိမ့်စီးဝင်နေသည်။ ကြည်လင် အေးမြသော အာရုံအထိအတွေ့ကို ခံစားနေမိ၏။ သြော်..အသက် ၅ဝ ကျော်ခဲ့ပေမယ့် အမေ့အသံရဲ့ ရှေ့မှောက်မှာတော့ ကျွန်တော်ဟာ ကလေးငယ်လေးလိုပါပဲ။ ကိုယ့်ခြေ ထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အလုပ် အကိုင်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့် ယုံကြည်မှုနဲ့ ဘဝလမ်းမအလယ်မှာ ခိုင်ခိုင်မာမာရပ်နေတယ်ဆိုပေမယ့် အမေ့အမြင်မှာတော့ ကျွန်တော် ဟာ အမေ့ရင်ခွင်ထဲက မွေးကင်းစ ကလေးငယ်လေး ဖြစ်နေဦးမှာပါ။သည့်နောက် တယ်လီဖုန်းထဲ မှာ အမေနှင့်ကျွန်တော် ဓမ္မအတွေ့ အကြုံအသိအမြင်တွေ အပြန် အလှန် ပြောဆိုဖြစ်ခဲ့ကြသည်။ ထို့ နောက် တယ်လီဖုန်းမချမီ ကျွန် တော်က အမေ့ကို-”သီတင်းတော့ကျွတ်သွားပြီ၊ ပြန်လာမှပဲ ကိုယ်ထိလက်ရောက် လာကန်တော့တော့မယ်နော်။ အခု တော့အမေ့ကို တယ်လီဖုန်းထဲကပဲ ကန်တော့လိုက်ပါတယ်အမေ”ဟု ပြောသောအခါ အမေက-

”အေးကွယ်သား၊ ကျန်းမာပါ စေ၊ ချမ်းသာပါစေ၊ တရားထူးတရား မြတ်တွေလည်း သိမြင်နိုင်ပါစေ ကွယ်” ဟု ဆုတွေပေးနေသေး သည်။ သည့်နောက် တယ်လီဖုန်းဒိုင် ခွက်ထဲက အမေ့အသံကို မကြားရ တော့သော်လည်း အမေ့မေတ္တာ၊ အမေ့ဆုပေးသံတို့ကမူ ကျွန်တော့်နှလုံးအိမ်မှာ အထပ်ထပ်မြည်ဟည်း နေဆဲ။ အမေ့ကျေးဇူး တရားတို့ကို အထပ်ထပ်အောက်မေ့နေမိ၏။ အမေ့ဝမ်းထဲမှာ ကျွန်တော့်ကို ကိုးလလွယ်ပြီး ဆယ်လမှာ မွေးဖွား ခဲ့တာတွေကအစ ကိုယ့်သေးဝတ်၊ ကိုယ့်မစင်ဝတ်တွေကို မရွံ့မရှာ လျှော်ဖွပ်ပေးခဲ့တာတွေကို ပြန် သတိရမိ၏။ လူလားမြောက်အောင် ပြုစုပျိုးထောင်၊ ပညာသင်၊ ကျောင်း ထား၊ ဆုံးမစကားများနှင့် လမ်းလွဲရောက် မသွားအောင် ထိန်းသိမ်းပြု ပြင်ပေးခဲ့ပုံများသည်လည်း အာရုံထဲ မှာ အစီအရီ။အမေနှင့်အဖေ အိမ်ထောင် ရေးအဆင်မပြေခဲ့တာ အသာထား ၍ သားသမီးတွေနှင့် ရင်အုပ်မကွာ နေချင်ရှာသော အမေ့မေတ္တာတွေ ကို မှန်းဆမြင်ယောင်ကြည့်မိသည်။ ကျွန်တော်အိမ်ထောင်ပြု ဖြစ်သော အခါ သူ့ရင်ဘတ်ထဲက အစိတ် အပိုင်းတစ်ခု ဆုံးရှုံးသွား သည့် အလား အမေငိုကြွေးခဲ့ဖူးတာကို လည်း ပြန်သတိရမိသည်။ အဲဒီတုန်း ကတော့’ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ပဲဟာ’ ဆိုသော ရင်တွင်းစကား ဖြင့် အမေ့မေတ္တာကို မျက်ကွယ်ပြု ရင်း ငြင်းဆန်ခဲ့ဖူးတာကို သတိရမိ သည်။ထို့နောက် လောကအလယ် တွင် တဖြည်းဖြည်းနှင့် ဝင်ဆံ့လာ ရာက အောင်မြင်မှုအဆင့်အတန်း နှင့် လူသိများလာသော သားတစ် ယောက်အပေါ် စိုးရိမ်စိတ်ဖြင့် လှမ်း ကြည့်ခဲ့ဖူးသော အမေ့မျက်လုံးများ ကို သတိရမိသည် အောင်မြင်မှု၊ အလုပ်များမှု၊ လူတွင်ကျယ်ဖြစ်လာ မှုတို့ကြောင့် ကျွန်တော့်ကိုယ်ကျင့် သိက္ခာတွေ တစ်စတစ်စ လွင့်ပါး သွားမှာ အမေစိုးရိမ်နေခဲ့သည်။ ကျွန်တော့်အသွေးအသားထဲသို့ ရိုက် သွင်းပေးခဲ့သော ကိုယ်ကျင့်သီလနှင့် သက်ဆိုင်သော အမေ့အဆုံးအမ တွေ အသက်မဝင်တော့မှာ အမေ စိတ်ပူခဲ့သည်။ ဆိုရလျှင် ဘဝသက် တမ်းတစ်လျှောက်လုံး အမေ့အဝေး မှာ ကျွန်တော်နေဖြစ်ခဲ့တာများ သော်လည်း အမေ့မေတ္တာကမူ ကျွန်တော့် နှလုံးသားနှင့် အနီးဆုံး နေရာမှာ ရှိနေခဲ့သည်။မမျှော်လင့်ပါဘဲ ကျွန်တော့် ဘဝအချိုးအကွေ့တစ်ခုကို ကျွန် တော်ကိုယ်တိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သောအခါ အမေ သည် သူခိုလှုံနေသော ဓမ္မရိပ် အောက်မှနေ၍ ကျွန်တော့်ကို ဝမ်းသာဝမ်းနည်း မျက်ရည်စများဖြင့် နွေးထွေးစွာ ဆီးကြိုနေခဲ့သည်။ ကျွန်တော်၏ ‘ဘဝနှင့် ဓမ္မတစ်ထပ်တည်း ကျအောင် ကြိုးစားတော့မည်’ဟူ သော သန္နိဋ္ဌာန်စိတ်ကို အမေသည် အားကောင်းလာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ထိုစဉ်က ကျင်လည်လက်စ အသိုင်းအဝိုင်း ပတ်ဝန်းကျင်ထဲမှ ကျွန်တော်ရုတ်တရက် ရုန်းထွက်၍ မရသောအခါ စိတ်ရှုပ်ထွေး မွမ်း ကျပ်မှုများစွာဖြင့် အမေ့ခြေဖမိုးပေါ်မှာ ကျွန်တော်မျက်ရည်တွေ စီးကျခဲ့ရပုံတွေကိုလည်း မှတ်မိနေပါ သေးသည်။ အမေ့ခြေ ဖမိုးပေါ်မှာ စွန်းထင်းစိုရွှဲသွားသော ကျွန်တော့် မျက်ရည်စတွေကို အမေသည် သူ့လက်ချောင်းများနှင့် ညင်သာစွာဖယ်ရှားရင်း ကျွန်တော့်အားဖေးမ ထူထပေးရင်း အားပေးစကားပြော ခဲ့ပုံတွေကိုလည်း မြင်ယောင်နေမိသေး၏။

”ဘာမှမပူနဲ့သား၊ အချိန်တန်ရင် ဓမ္မသဘောဆောင်ပါလိမ့်မယ်။ ဘယ်သူတွေ ဘာပဲပြောပြော အမေမြင်ချင်တာ၊ အမေမျှော်လင့်ခဲ့ တာတွေ ဖြစ်လာခဲ့ပြီမို့ အခုအချိန် မှာ အမေ့ထက် ဝမ်းသာတဲ့သူရှိမှာ မဟုတ်ဘူးသား”

နောက်ဆုံး ဝန်ထမ်းဘဝက ထွက်ခွာခွင့်ရဖို့အရေးတွင်လည်း အမေသည် ကျွန်တော့်ရှေ့ကမားမား မတ်မတ် ရပ်ပေးခဲ့သည်။ အမေ့မေတ္တာဓာတ်နှင့် အမေ့ဓမ္မစွမ်းအား ကို မလွန်ဆန်နိုင်ကြ၍လားမသိ၊ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသော ကျွန် တော်၏ ထွက်ခွာခွင့်သည်များ မကြာမီ အောင်မြင်ချောမွေ့သွားခဲ့ သည်။ သည်နောက် အမေ့ခြေရာနင်း ကာ ဓမ္မရိပ်တွင် ဘဝကို ပုံအပ်သော အချိန်များ၌လည်း အမေသည် ဆရာသမားကောင်းတို့ကို ညွှန်ပြ ပေးခဲ့သည်။ ငယ်စဉ်က အဝတ် အစားဝတ်ရာတွင် ချေးများတတ် သော၊ တော်ရုံနှင့် စိတ်တိုင်းမကျ တတ်သော ကျွန်တော့် စရိုက်ကို အမေသိထားသည်မို့ ကျွန်တော့် စရိုက်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ဆရာသမားကိုလည်း အမေကပဲ ရွေးချယ်ပေးခဲ့သည်။ သို့မဟုတ်လျှင် ကျွန်တော့်ရင်ထဲက ကောက်ကျစ် တတ်သော ကိလေသာက နိုးထလာ ပြီးလျှင် တရားရှာတရားအားထုတ် ရာတွင် အဆင်မပြေဖြစ်မည်ကို အမေစိုးရိမ်ဟန်တူသည်။သဒ္ဓါတရားအရှိန်အဟုန် ကောင်းတုန်း နုသစ်စဓမ္မအာရုံတွေ ကြည်လင်လတ်ဆတ် နေတုန်းမှာ ဝမ်းတွင်းပါ ကိလေသာဓာတ်ကို အနိုင်ယူထားလေမှ တော်ကာကျပေမည်။ သို့နှင့် အမေနှစ်ပေါင်း များစွာအားထုတ်ဖြည့်ဆည်းခဲ့သော မဟာစည်ရိပ်သာကြီးဟူသော ဓမ္မရိပ်၌ပင် အမေ့ကျေးဇူးလည်းဆပ်၊ အမေ့ဓမ္မရိပ်ကိုလည်း အားဖြည့်သောအားဖြင့် ဝါတွင်းသုံးလတိုင်တိုင် ရဟန်းဝတ်ဖြင့် တရားအားထုတ် ဖြစ်ခဲ့သည်။ သည်တုန်းက အမေသည်လည်း ရိပ်သာ၌ပင် တရားအားထုတ်ရင်းက သားဖြစ် သူ၏ ဓမ္မလမ်းကြောင်းဖြောင့်တန်း စေဖို့ အမေက အနန္တမေတ္တာဖြင့် ရင်အုပ်မကွာ ကူညီဖေးမပေးခဲ့သည်။ ဆွမ်းချိန်ရောက်တော့လည်း ”ဒါလေးက ငါ့သားရဟန်းကြိုက် တတ်တာ၊ ဖျော်ရည်ချိန်ရောက် တော့လည်း ”ဒါလေးဘုဉ်းပေးရရင် ငါ့သားရဟန်း အားအင်ပြည့်ဖြိုးပြီး ကျန်းမာရေးကောင်းမှာ၊ ဒါဆိုရင် ဓမ္မအလင်းရောင်ကို ပိုမိုထွန်းညှိနိုင် မှာပေါ့” စသည်ဖြင့် ပြောလည်း ပြောဆိုလည်းဆို၍ ဝတ်ကြီးဝတ် ငယ်ပြုစုရှာသည်။ တရားစစ်သော ဆရာတော် ထံမှလည်း သားဖြစ်သူ၏ ဓမ္မလမ်း ကြောင်းအခြေအနေကို အမြဲနားစွင့် နေခဲ့သည်။ သားရဟန်း၏ ဓမ္မ အပေါ်တန်ဖိုးထားတတ်ပုံနှင့် စူးရှ သော ဓမ္မအမြင်၊ တည်ကြည်ခိုင်ခံ့ လာသော သမာဓိတို့ အကြောင်းကို ကြားရသည့်အခါ အမေ့ခမျာ ဝမ်း သာဂုဏ်ယူ၍ မဆုံးနိုင်တော့၊ မခံမရပ်နိုင်လောက်အောင် ကိုက် နေသည့်သွားဝေဒနာကြီးကို ဆောင် ယူရင်းက သားရဟန်းထံ ဖျော်ရည် လာကပ်သည့်အခိုက် သားရဟန်းထံ မှ အဖိုးတန် ဓမ္မစကားကို ကြားရသည့်အခါ ရောဂါဝေဒနာတို့ ရုတ်ချည်းပျောက်ကွယ်သည့်အလား အမေခံစားရပုံတွေကိုလည်း မှတ်မိ နေသေးတော့။

အေးမြသော ဓမ္မအရိပ်၊ ဆရာ သမားကောင်းတို့၏ အဆုံးအမ အရိပ်အပြင် အမေ့၏ အနန္တမေတ္တာ အရိပ်တို့ပါ ပေါင်းစပ်လိုက်သော အခါ ‘ဥပေက္ခာအဝန်းအဝိုင်း’ ဟူ သော ဓမ္မစာမူတစ်ပုဒ်သည် ကျွန် တော့်ရင်ထဲမှ မွေးဖွားလာခဲ့သည်။ ကျင်လည်ရာအာရုံ အဓိပတိသည် ဓမ္မဖြစ်နေသဖြင့် ဓမ္မဟူသည် ‘အေး မြခြင်းထက် အေးမြခြင်း’ ပါလားဟု ခံစားနားလည်ခဲ့မိသည်မှာလည်း အမေ့ကျေးဇူးကြောင့်ပင်။အမေ့ ပင်ကိုစရိုက်အရ၊ အချို့ သော အမေ့အပြုအမူ အပြော အဆိုတို့သည် တစ်ခါတစ်ရံ မိသားစု ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ မရှိတတ်သော်လည်း မိုးညှင်းသိင်္ဂီ ဆရာတော်၏ ”အမေမှားလည်း အမေမှန်တယ် အဖေမှားလည်း အဖေမှန်တယ်”ဟူသော အဆုံးအမ ဖြင့် အမေ့အပေါ်နားလည်ပေးနိုင် ခဲ့သည်။ အမေ့မေတ္တာအနန္တကို တစ်ဆံစမျှ မယွင်းမပျက်စေအောင် ထိုအဆုံးအမက ပံ့ပိုးပေးနိုင်ခဲ့သည်။ အမေ့မေတ္တာကို တန်ဖိုးထား သဘောပေါက်ပေးနိုင်ခဲ့သည့် ထို အဆုံးအမကိုလည်း အမြဲဦးထိပ် ထားလာနိုင်ခဲ့သည်။အမေတည်းဟူသော အဓိပတိ အာရုံဖြစ်လာသောအခါ ဝိညာဏ ဓာတ်၌ ပြုခဲ့ပြီးသော အာရုံ အဟောင်းတို့သည်လည်း အသစ် တစ်ဖန် အသက်ဝင်လာပြန်သည်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ Mother India ဇာတ်ကားထဲက အမေ၊ ငယ်တုန်းကဖတ်ခဲ့ရသည့် မက္ကဇင်ဂေါ်ကီရဲ့အမေ၊ ဘဘဦးသုခ ရဲ့ အမေနေ့ ဟောပြောပွဲဆီက ”အမေ”လို့ အော်လိုက်တဲ့ အထက် ဘဝဂ်တိုင် ကြားနိုင်တဲ့ဘဘရဲ့အသံ၊ အို…စုံလို့ပါပဲ။ အသံတွေရော ပုံရိပ်တွေရောပေါ့၊ မှုန်ဝါးဝါး ဖြစ်နေရာကနေ ကြည်လင်ပြတ် သားလာလိုက်ကြတာ။ ဟော-အခုလည်း ကြည့်လေ။ မနက်ခင်း နှင်းပွင့်တွေကြား လမ်းလျှောက်ရင်းက ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးထဲဝင်လိုက်သည့်အခါ ထူးအိမ်သင်၏ အမေသီချင်းများ ဗီစီဒီအခွေရဲ့ ပုံရိပ်တွေက ဆီးကြိုနေပြန်သည်။‘ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ’ တို့၊ ‘အေးမြတဲ့ အမေ့ရဲ့ မေတ္တာအရိပ်နဲ့ ဝေးခဲ့သူမို့ တစ်ခါ တလေပြန်လည်တွေး - အလိုလို ကိုယ်ကြေကွဲ’တို့ ဆိုတဲ့စာသားတွေ နဲ့ ပုံရိပ်တွေ၊ အမေ့မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ နှလုံးသားကို အရှိန် အဟုန်ပြင်းပြင်းနဲ့ ရိုက်ခတ်ပြန်ပါ ကောလား။လက်ဖက်ရည်ဆိုင်ထဲက ပြန် ထွက်လာ၊ နှင်းမှုန်တွေ လွင့်ကျနေ တဲ့ အရုဏ်ဦးမှာ လမ်းလျှောက်ရင်း ကတစ်နေ့ကပြည့်ခဲ့တဲ့သီတင်းကျွတ် လပြည့်နေ့အကြောင်း စဉ်းစားမိ ပြန်သည်။ သြော်- ဘုရားရှင်သည် ဘဝခြားခဲ့ပြီဖြစ်တဲ့ အဝေးက မေမေ (မယ်တော်မိနတ်သား)ရဲ့ ကျေးဇူး တရားကို အဘိဓမ္မာ တရားတော်နဲ့ ဟောပြောကျေးဇူးဆပ်ပြီး လူ့ပြည်ကို ပြန်လည်ဆင်းလာတဲ့နေ့ပါလား။ ဒါကြောင့်မို့ သီတင်းကျွတ် ကာလ အခါသမယမှာ မိခင်၊ ဖခင်တွေရဲ့ ကျေးဇူးတရားကို သတိရစေဖို့ ဘုရားရှင်ကိုယ်တော်တိုင် ရှေ့ ဆောင်လမ်းပြခဲ့တာပါလားဟု နားလည်ခံစားနေမိသည်။ သတ္တဝါအားလုံးအပေါ် မေတ္တာပွားပို့သည့်အခါ ” မိခင်သည် တစ်ဦးတည်းသောသားကို ချစ်မြတ်နိုးသကဲ့သို့ ၄င်းနှင့်တူသောမေတ္တာစိတ်ကို သတ္တဝါအားလုံး အပေါ်၌ပွားများရာ၏ ” ဟူ၍ နှလုံးသွင်းခံယူ အပ်ကြောင်း မေတ္တသုတ်တော်လာ ဘုရားရှင်၏ အဆုံးအမ ကိုလည်း သတိရလိုက်မိသည်။သည်တစ်ခါ အမေ့ထံပါး အမေ့ခြေဖဝါးထက်၌ ကျွန်တော့် နဖူးဖြင့် ထိ၍ ရှိခိုးကန်တော့ပန်း ဆင်သည့်အခါ အမေ့အား သားဖြစ် သူ၏ ရင်တွင်းစကားများကို သည် လိုပြောကြားဖြစ်မည် ထင်ပါသည်။”အမေနဲ့ ဝေးနေပေမယ့် ဘုရားရှင်ကိုယ်တော်မြတ်ကြီး သဗ္ဗေ ညုတ ဥာဏ်တော်ကြီးနဲ့ ညွှန်ပြခဲ့တဲ့ အမေ့ကျေးဇူး၊ အမေ့မေတ္တာတရား တွေကို အမြဲအောက်မေ့လျက်ပါ။ အမေ့ရဲ့ အနန္တကျေးဇူးဆိုတာ ဆပ်လို့မကုန်နိုင်ပေမယ့် အမေ လိုလားတဲ့ ဓမ္မလမ်းကြောင်းပေါ် လျှောက်ရင်းနဲ့ မမေ့မလျော့မပေါ့ မဆတဲ့ အသိတရားနဲ့ နေထိုင်ပြီး သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ အကျင့်သုံးပါးကို ရိုရိုသေသေကြိုး စားအားထုတ်ရင်း အမေ့ကျေးဇူးကို အချိန်တိုင်းမှာ ဆပ်နေပါတယ် အမေ။ ပြီးတော့ ဆရာတော်ဓမ္မ ဘေရီအရှင်ဝီရိယရဲ့”လူဆိုတာ ယုံကြည်ထိုက်သူ ဖြစ်အောင် ရိုးသားရမည်။အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။ လေးစားထိုက်သူ ဖြစ်အောင် စင်ကြယ်ရမည် ”ဆိုတဲ့ အဆုံးအမနဲ့ညီအောင် နေထိုင်ကျင့်ကြံခြင်းဖြင့် အမေ့ ကျေးဇူးကို အမြဲဆပ် နေပါတယ် ဆိုတာ အမေယုံကြည်ထားပါ အမေ..”ဒီအဓိဋ္ဌာန်စကားလေးကိုတော့ အဝေးကမေမေ ကြိုသိနေမှာပါ လေ။

(အနန္တမေတ္တာရှင်အမေများနှင့် အဝေးရောက်အမေ့သားများသို့..)
မြသန်းစံ်

“ KAV Ampicillin BP 250mg Capsule ” ဆေးအတု ရောင်းချနေကြောင်းကို ကြေမုံသတင်းစာမှ ဖော်ပြချက်


ဈေးကွက်များတွင် “ KAV Ampicillin BP 250mg Capsule ” ဆေးအတု ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ


19/Nov/2008

ဈေးကွက်များတွင် ထုတ်လုပ်သူကုမ္ပဏီအမည်ဖော်ပြထားခြင်းမရှိသည့် Media in R.P.C ဟုဖော်ပြထားသော “KAV Ampicillin BP 250mg Capsule ” ဆေးအတုရောင်းချနေကြာင်းစစ်ဆေးတွေ့ရှိရပါသည်။ဈေးကွက်မှ ရရှိသည့် အဆိုပါ “KAV Ampicillin BP 250mg Capsule ” မှာ မြန်မာနိုင်ငံတွင် ဆေးဝါး မှတ်ပုံတင်ထားခြင်း မရှိပါကြောင်းနှင့် ဆေးဘူးခွံမှာသေသပ်ခိုင်မာခြင်း မရှိပါကြောင်း တွေ့ရှိရပါသည်။ အဆိုပါဆေးကို ဓါတ်ခွဲစမ်းသပ်ရာတွင် ဆေးဝါးအာနိသင်“လုံးဝ” (လုံးဝ) မပါရှိပါကြောင်း ဆေးဝါးအတု ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ဆေးဝါးအတု၊ စံမညီဆေးဝါး များကို မှီဝဲသောရောဂါဝေဒနာရှင် များသည် စရိတ်များစွာကုန်ကျသည့်အပြင် မိမိတို့ ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်း(လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေကို ဆိုက်ရောက်နိုင်ပါသည်။ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ ရောင်းချခြင်းလုံးဝ မပြုပါရန်စစ်ဆေးဖော်ထုတ် တွေ့ရှိရပါက အမျိုးသားဆေးဝါးဥပဒေအရ အရေးယူ ခံရမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အိန္ဒိယ၏ IT ကဏ္ဍ အထိနာ

19/Nov/2008
အမေရိကန်စီးပွားရေး ကျဆင်း၍ အိန္ဒိယ၏ ရူပီးငွေတန်ဖိုး တက်သဖြင့် အိန္ဒိယနိုင်ငံ၏ နည်းပညာအချက်အခြာ ဖြစ်သော ဘန်ဂလိုမြို့၏ စီးပွားရေး သည် အထိနာလျှက် ရှိသည်။ တစ်ချိန်က လုပ်သားအင်အား များစွာရှိ၍ လစာကောင်းကောင်း ပေးထားနိုင် သော်လည်း IT ကုမ္ပဏီများသည် ယခုအခါလုပ်သား အင်အား လျှော့ချခြင်း၊ လစာဖြတ်တောက်ခြင်းများကို ပြုလုပ်လျှက် ရှိကြသည်။ အိန္ဒိယ IT ကဏ္ဍသည် အမေရိကန်ဈေးကွက်ကို အလွန်အမင်း အားထားနေရသည်။ ၀င်ငွေ ထက်ဝက်ကျော်ကို အမေရိကန်မှပင် ရရှိသည်။ ပြည်ပဈေးကွက် အခြေအနေ မကောင်းသဖြင့် ပြည်တွင်းဈေးကွက်ကို ချဲ့ထွင်လာကြသည်။ (စီအန်အေ)

လုပ်သားအများအပြား လျှော့ချခြင်းကို တရုတ်အစိုး ရတားဖြစ်

19/Nov/2008

တရုတ်နိုင်ငံ၏ ပြည်ပဈေးကွက်များသည် စီးပွားရေး၊ အကျဘက်သို့ ရောက်ရှိနေသဖြင့် ပြည်ပမှ အမှာစာများ၊ များစွာ လျော့နည်းခဲ့သည်။
ထို့ကြောင့် ကုန်ပစ္စည်း ထုတ်လုပ်သည့် ဒေသများတွင် အလုပ်အကိုင် လျော့ချမှု အများအပြားရှိခဲ့သည်။ ရှန်တုန်း ပြည်နယ်တွင် ယခုနှစ် အတွင်း လုပ်သား အင်အား (၇)သိန်းနီးပါး လျှော့ချခဲ့သည်။ ထိုနည်းတူ ကွမ်တုံပြည်နယ်တွင် လုပ်ငန်းပေါင်းသောင်းချီ၍ ပိတ်ခဲ့ရသည်။

အလုပ်လက်မဲ့များ တိုးပွားလာပါက လူမှုရေး မငြိမ်မသက်မှု ဖြစ်မည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ပြည်နယ်နှစ်ခုမှ ကုမ္ပဏီအများအား ၀န်ထမ်း(၄၀)ထက်ပို၍ လုပ်ငန်းရပ်နားပါက အစိုးရ၏ ခွင့်ပြုချက် ရယူရမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ကြောင့်အချို့သောလုပ်ငန်းများက၀န်ထမ်းများအားထုတ်ပယ်ခြင်းမပြုပဲ လစာလျှော့ချရန် စီစဉ် လျှက်ရှိသည်။ (ဘီဘီစီ)


အမေ့အိမ်ကို တမ်းတနေသူများအတွက် အလွမ်းပြေ

ရေခြားမြေခြားကိုရောက်နေတဲ့ ကျွန်တော့်အတွက်တော့ ကိုယ့်နိုင်ငံရဲ့ ပျော်ပွဲရွှင်ပွဲလေးတွေ ကိုတော့ လွမ်းရမိတယ်ဗျာ! အခုလည်း သူငယ်ချင်းတစ်ယောက်က ပို့ပေးလိုက်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲက အမှတ်တရပုံလေးတွေကို ရေမြေခြားရောက်နေတဲ့ ရွှေမြန်မာများအတွက် ကျွန်တော်နဲ့အတူ မျှဝေခံစား နိုင်အောင် တင်ထားပေးပါတယ် ။ ဒီလိုအေးချမ်းစွာ ရှမ်းတောင်တန်းပေါ်မှာ တိုင်းရင်းသားဓလေ့ထုံးစံတွေနဲ့အညီ သွေးချင်းညီအစ်ကိုများအားလုံး တပျော်တပါး တန်ဆောင်တိုင်ပွဲကို နွှဲပျော်နေတာ ဘယ်လောက်ကြည်နူးစရာ ကောင်းလဲဗျာ .....




















Wednesday, November 19, 2008

ရာဟူး ကုမ္ပဏီ ကို စတင်တည်တောင်သူ ဂျယ်ရီယန်း (Jerry Yang) ကိုရာထူးလျှော့ချ


ကမ္ဘာကျော် ရာဟူး (Yahoo) အင်တာနက် အချက်အလက် ရှာဖွေရေး ကုမ္ပဏီကိုတည်ထောင် ခဲ့တဲ့သူတဦး ဖြစ်တဲ့ ဂျယ်ရီယန်း(Jerry Yang) က ကုမ္ပဏီအကျိုးစီးပွား တိုးတက် မြင့်မား လာအောင် မလုပ်နိင်တဲ့ အတွက် သူဟာ အကြီးအကဲ ရာထူးကနေ အနားယူဖို့ ဆုံးဖြတ် ခဲ့ပါတယ်။သူနေရာကို ခေါင်းဆောင်သစ်တဦးအစားထိုးမှာ ဖြစ်ပါတယ်။

သူနှုတ်ထွက်သွားပေမဲ့ ကုမ္ပဏီရဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ မှာတော့ ဆက်လက်တာဝန် ယူ နေဦးမှာဖြစ် ပါတယ်။ သူနှုတ်ထွက်ရတဲ့ အကြောင်း ကတော့ ကုမ္ပဏီမှာ အလုပ် သမား တွေ အကြီးအကျယ် လျော့ချမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်။ အဆင့်မြင့် တာဝန်ယူ ထားတဲ့သူတွေ ကုမ္ပဏီက နှုတ်ထွက်ခဲ့ ကြ တာကြောင့် ဖြစ်တယ်။ ဒါ့အပြင် ရာဟူးပိုင် အစုရှယ်တွေကို မိုက်ကရိုဆော့ကုမ္ပဏီ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါကိုသူက မရောင်း ခဲ့တဲ့ အတွက် ရှယ်ရာ ပိုင်ဆိုင်သူတွေက သူရဲ့ ဦးဆောင်မှုအပေါ်မှာ စိတ်ပျက် ခဲ့ကြတယ်။ ကုမ္ပဏီ အကြီးကဲသစ် က ရာဟူး အတွင်းစည်း က တယောက်ယောက်၊ ဒါမှမဟုတ် အပြင်လူသစ်တဦးဦး လည်း ဖြစ်လာ နိင်စရာ ရှိတယ်လို့ သိရတယ်။

ကုမ္ပဏီ အကြီးကဲ ရွန် ဘိုးစတော့ (Roy Bostock ) ကတော့ ကုမ္ပဏီအတွင်းမှာ တိုးတက်မှု ကို တာဝန်မခံ နိင်ရင် ခေါင်းဆောင်မှု အပြောင်းအလဲ လုပ်တာ ဟာ မှန်ကန်တဲ့ လုပ်ဆောင် ချက်ဖြစ်တယ်လို့ ဆိုတယ်။ ဂျယ်ရီယောင်းဟာ လူငယ်တဦးဖြစ်ပေမဲ့  သူခေါင်းဆောင်မှု ဟာ တိုးတက်မှု မဖြစ်လာတဲ့အပေါ်မှာ ခေါင်းဆောင် ပီပီသသ နှုတ်ထွက် ခဲ့တဲ့အပေါ်မှာ ကုမ္ပဏီ အဖွဲ့ဝင်တွေ က သူ့ကို ချီးကြူး ကြပါတယ်။ သူကို နှုတ်ထွက်ဖို့  ဘုတ် အဖွဲ့ က ဆုံးဖြတ်ချက် ကို သူက လက်ခံ ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု မှာလည်း ခေါင်းဆောင်ဆိုသူတွေက အခြေအနေ ကိုတိုးတက် အောင် မလုပ်နိင် ခဲ့ကြရင် တာဝန်သိသိ နှုတ်ထွက် ရဲ တဲ့ သတ္တိ ရှိကြဖို့ လိုအပ်ပါတယ်။
ကိုမိုးသီး ရေ ကျေးဇူး

Monday, November 17, 2008

အချစ်၏ တန်ဖိုး

"မောင် ဒီနေ့ ပြန်လာဖို့ အချိန် တကယ်မမီတော့ဘူးလားဟင်" တံခါးဝထိ လိုက်ပို့တဲ့ ဇနီးက မျှော်လင့်ချက် မျက်လုံးနဲ့ သူ့ကိုမေးတယ်။

"ဒီဧည့်သည်က အရေးကြီးတယ်။ မောင်တို့ ဟိုမှာပဲ တည်းဖြစ်လိမ့်မယ်။ မောင့်ကို မစောင့်နဲ့တော့.. မနက်ဖြန်မှပဲ မောင်တို့ထပ်ကျင်းပကြတာပေါ့"

"ဟုတ်ကဲ့ပါမောင်.. ကားကို သတိထား မောင်းအုန်းနော်"

သူမကို သူတစ်ချက်နမ်းလိုက်တယ်။ သူ့အလုပ်အိတ်ကို သူမကားပေါ် တင်ပေးလိုက်တယ်။ ဒီနေ့က သူနဲ့သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တယ်။ သူမကို သူစတွေ့တုန်းက သူမရဲ့ ဖျတ်လတ်မှု၊ အလုပ်အကိုင် ကြိုးစားမှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု၊ စိတ်သဘောထား နူးညံ့သိမ်မွေ့မှုတွေက သူ့ကို ဖမ်းစားခဲ့တယ်။ ဒီနေ့အထိ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်တွေ မှန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။

သူမဟာ ကုန်သည်ရဲ့ ဇနီးကောင်းတစ်ဦးအဖြင့် တာဝန်ကျေခဲ့ပါတယ်။ သူ့အတွက် စိတ်ဓာတ်ခွန်အားတွေအားပေးကူညီသူဖြစ်ခဲ့တယ်။ မကြာခဏ သူခရီးထွက်နေရလို့ အိမ်တာဝန်ကို တစ်ဦးတည်း ထိန်းသိမ်းခဲ့သူဖြစ်တယ်။ သားနှစ်ယောက်ကလည်း လိမ္မာရေးခြား ရှိလှတယ်။ သားလေးတွေ မွေးတုန်းက သူမ အနားမှာ သူမရှိနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီဘဝမှာ သူတို့အတွက် အရေးကြီးတဲ့ နေ့ရက်ဆိုလို့ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ သူမ ဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီနှစ်ရက်ကို သူမပျက်မကွက် တက်ရမယ်လို့ သူ့ကို သူမ မကြာခဏ စနောက်တတ်တယ်။

သူမရဲ့ အစအနောက်ကို သူ ဂရုမစိုက်ခဲ့မိဘူး။ ခါတိုင်းလိုပဲ သူ့စိတ်ကူး အိပ်မက်တွေအတွက် အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ သူ့စိတ်ကူးအိပ်မက်၊ သူ့ရည်မှန်းချက်နဲ့ သူ့သတ္တိကို သူမအစကတည်းက နားလည်ခဲ့ပါတယ်။ ဒီလောကမှာ သူမဟာ သူ့ကို နားလည်မှု အပေးဆုံးလို့လည်း သူသိထားတယ်။သူ့ကြိုးစားမှုတွေက သူမအတွက်၊ မိသားစုအတွက်ဆိုတာ သူမ သဘောပေါက်ခဲ့ရင်ဒီညနှစ်ပတ်လည်နေ့မှာ သူပျက်ကွက်ခဲ့တာကို သူမခွင့်လွတ်လိမ့်မယ်လို့ သူယုံကြည်မိတယ်။

ကုမ္ပဏီသွားတဲ့ လမ်းတစ်နေရာမှာ ပန်းအရောင်းဆိုင် တစ်ဆိုင်ကို သူတွေ့လိုက်တယ်။ ကားရပ်ပြီး သူမကြိုက်တဲ့ နှင်းဆီနီကို ၇ ဒါဇင်မှာလိုက်တယ်။ နှင်းဆီတစ်ပွင့်က တစ်လကိုယ်စားပြုတယ်။၇နှစ်အတွက် နှင်းဆီပန်းတွေမှာပြီး နေအိမ်လိပ်စာကဒ် ထုတ်ပေးလိုက်တယ်။ သူ့ကိုယ်စား သူမအတွက် ပန်းဆိုင်က သွားရောက်ပို့ပေးဖို့ဖြစ်တယ်။ ပန်းမှာပြီး သူလှည့်အထွက် တံခါးဝမှာ ပန်းအိုးတစ်လုံး ကိုင်ထားတဲ့ အဘိုးအိုတစ်ဦးနဲ့ တိုက်မိခဲ့တယ်။

" ဟာ.. အဘိုး... ဆောရီးပါ။ ဘယ်နား နာသွားပါသလဲ?"

ပျာပျာသလဲ တောင်းပန်တဲ့ သူ့ကို အဘိုးအို ဂရုမစိုက်ဘဲ လက်ထဲ လွတ်ကျခါနီးတဲ့ ပန်းအိုးကိုပဲ အလျှင်အမြန် စစ်ဆေးနေတယ်။

"တော်သေးတယ် .. တော်သေးတယ်။ ဘုရားသခင် ကယ်ပေလို့ ဒီစပယ်ပန်းအိုးလေး ကွဲမသွားတာ" အဘိုးအို တိုးတိုးလေး ရေရွတ်နေတယ်။

"အဘိုး.. အဆင်ပြေလား? ဆေးရုံ လိုက်ပို့စရာလိုပါသလား?" သူထပ်မေးလိုက်ပြန်တယ်။

အဲဒီအချိန်ကျမှ အဘိုးအိုက "မလိုဘူး.. ငါ့သား မလိုဘူး။ အဘိုးအရိုးတွေ မာနေသေးတယ်။ ဘာမှမဖြစ်လောက်ဘူး။ ဒီပန်းက အဘိုးမိတ်ဆွေ စိုက်ထားတာ။ အဘိုးမိန်းမက စပယ်ပန်း ကြိုက်တတ်မှန်းသိလို့ လက်ဆောင်ပေးထားတာ။ သူ့ကို အဘိုး မြန်မြန်ယူသွားပြရမယ်။ ဒီနေ့က အဘိုးတို့ရဲ့ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့လေ။ သူ့အရမ်းပျော်မှာပဲ"

ပြောပြောဆိုဆို ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောကို သူငေးနေမိတယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် သူ့ဇနီးအပေါ်ထားတဲ့ ခံစားချက်၊ သံယောဇဉ် မေတ္တာတွေက ပြည့်နှက်နေဆဲပါလား...

ကုမ္ပဏီဝင်ပြီး ညနေမှာ ဧည့်သည်နဲ့ ချိန်းထားတဲ့နေရာကို သူထွက်လာခဲ့တယ်။ ကားအသွားအလာရှင်းပြီးလမ်းတွေ မပိတ်ခဲ့ပေမယ့် လမ်းဘေးသင်္ချိုင်း တစ်နေရာက မြင်ကွင်းတစ်ခုက သူ့ကားကို ရပ်တန့်စေခဲ့တယ်။ ပန်းအရောင်ဆိုင်ရှေ့က သူတိုက်ခဲ့မိတဲ့ အဘိုးအိုမှာ အုတ်ဂူတစ်လုံးရှေ့ ထိုင်ပြီး မြက်တွေရှင်းနေတာကို တွေ့လိုက်မိတယ်။ စပယ်ပန်းအိုးကို အုတ်ဂူပေါ်မှာ တင်ထားတာ တွေ့လိုက်တယ်။

သူ ဘာမှ စဉ်းစားမနေတော့ဘဲ ကားကို ပြန်ကွေ့လိုက်တယ်။ ပန်းဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲ သူအပြေးဝင်သွားခဲ့တယ်။

"ကျွန်တော်မှာထားတဲ့ပန်း ပို့လိုက်ပြီလား ခင်ဗျာ"

"မပို့ရသေးပါဘူး"

"ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ယူသွားပါ့မယ်"


ကိုယ့်အနားရှိနေချိန်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲ ဆုံးရှုံးသွားမှ လူတွေက နှမြောတတ်ကြတယ်။ဒီလို နှမြောခြင်းတွေ ကိုယ့်ဆီမှာ မဖြစ်ပွါးဖို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူအတွက် အချိန်တစ်ချိန် ချန်ထားပေးဖို့ မမေ့သင့်ပါဘူး။ ဘဝဆိုတာ နောက်တစ်ကြိမ် ထပ်လာလို့ မရနိုင်ပါဘူး။ နောင်ဘဝ.. နောင်ဘဝသာရှိခဲ့ရင် ဒီထက်ပိုချစ်ပြမယ်လို့ ဂတိတွေပေးနေမယ့်အစား ဘာဖြစ်လို့ ဒီဘဝမှာ ကောင်းကောင်းတန်ဖိုးထားပြီး မချစ်ကြသလဲ? ရွေးချယ်မှုတွေ များနေလို့လား? ရွေးချယ်မှုတွေ များနေခဲ့လို့ပဲ ဘယ်သူ၊ ဘယ်အရာကို တန်ဖိုးထား ချစ်ရမယ်မှန်းမသိဘဲ တွေဝေခဲ့လို့လား?

ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုရှိပါတယ်။ တစ်ခါက ဇနီးမောင်နှံနှစ်ဦးမှာ ဇနီးက ယောက်ျားကို မေးခဲ့တယ်။


"ဒီတသက်မှာ ကိုယ်ကြိုက်တဲ့ ကားတစ်စီးပဲ ဝယ်မယ်။ နောက်ထပ်သစ်လည်း လဲလို့ မရဘူးဆိုရင် ကားကို ဘယ်လိုထိန်းသိမ်းမလဲ?"

"အကောင်းဆုံး စက်ဆီကို သုံးမယ်၊ အချိန်ပြည့် ဂရုစိုက်မယ်၊ အမြဲတမ်း ဆေးကျောမယ်......" ယောက်ျားဖြစ်သူက အကောင်းဆုံးဖြစ်နိုင်မယ့် အရာတွေကို တသီကြီး ပြောခဲ့တယ်။

"ဒီလိုဆိုရင် တစ်သက်မှာ မိန်းမတစ်ယောက်ပဲယူရမယ်၊ လဲလို့မရဘူးဆိုရင်ကော....?"

ဇနီးရဲ့အမေးကြောင်း ယောက်ျားဖြစ်သူ မျက်နှာတစ်ခုလုံး နီရဲသွားခဲ့တယ်။ နောက် ဇနီးလက်ကို ဆုတ်ကိုင်ပြီး "ငါအဖြေသိပြီ" လို့ ပြန်ဖြေခဲ့တယ်။ ဇနီးကို ကြည့်တဲ့ သူ့အကြည့်မှာ အကြင်နာအခိုးတွေ ပိုပြည့်လျှံသွားခဲ့တယ်။


နိုင်းနိုင်းစနေ်

စိတ်ဝင်စားစရာ ကာတွန်းပုံလေးများ

ဒီတစ်ပတ်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကာတွန်းပုံလေးတွေကို တင်ပေးလိုက်ပါတယ်
တွေးကြည့်လေ ရယ်ရလေ ပေါ့ဗျာ ....











Friday, November 14, 2008

“ မြန်မာနှင့်တင်းမာမှု ပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော ”

ဆစ်ဒစ် အစ္စလမ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရေပိုင်နက်ပြဿနာတင်းမာမှုများ လျော့ပါးပြေလည်သွားပြီဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်ဒေါက်တာအစ်ဖ်တက်ကာအာမက်ချောင်ဒရီက ဒါကာမြို့တွင် တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က “ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် ရင်းနှီး သည့် အိမ်နီးချင်းပီသသော ဆက်ဆံရေးမျိုးကိုသာ အစဉ်တစိုက်လိုလားကြောင်းနှင့် ၎င်းတို့ကျင့်သုံးမည့် ပေါ်လစီသည်လည်း ဤလမ်းညွှန်မူဝါဒအတိုင်း ကျင့်သုံးသွားမည် ” ဟု ပြောကြားခဲ့ပါသည်။

ဒေ၀ူးကုမ္ပဏီသည် မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်းရှိ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများကို မြန်မာအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေပေရာ ၂၀၀၀ ပြည့်နှစ်မှစ၍ ရခိုင်ကမ်းလွန် ဒေသရှိလုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ခိုအောင်းနိုင်မှု အခြေအနေများအား သိရှိနိုင်ရန်ဆိုက်စမစ် ( Seismic )တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

လိုအပ်သည့်စမ်းသပ်တိုင်းတာမှုများအောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များအရ AD-7 နေရာမှ မူလသတ်မှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အတိုင်း ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာအစိုးရ က သတင်းထုတ်ပြန်ခဲ့ပါသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန် မိုဟာမက်ဟိုဟစ်ဟူစိန်ခေါင်းဆောင်သည့်အဖွဲ့ဝင် ၃ ဦးပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့သို့ ၃ ရက်ကြာသွားရောက်ကာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာနှင့်တင်းမာမှုပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ လေသံပျော့ပျောင်း သွားခြင်းဖြစ်သည်။

ဒေ၀ူးအင်တာနေရှင်နယ်ကော်ပိုရေးရှင်း၏ လက်ရှိလုပ်ဆောင်နေသောလုပ်ကွက်များသည် မြန်မာရေပြင်ပိုင်နက်တွင် တည်ရှိကြောင်း အပြည်ပြည်ဆိုင်ရာဥပဒေများအရ သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စားနပ်ရိက္ခာအတွက် မြန်မာနိုင်ငံအပေါ်မှီခိုနေရပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်အရ သဘာဝ ဓာတ်ငွေ့အများအပြား လိုအပ်လျက်ရှိနေပါသည်။

ရေပြင်ပိုင်နက်များ ထပ်မံအငြင်းပွားမှုများမရှိစေရေးအတွက် စတုတ္ထအကြိမ်မြောက်ဆွေးနွေးပွဲကို လာမည့် အပတ်တွင် ဒါကာမြို့၌ ကျင်းပရန်ရှိကြောင်းနှင့်ထိုအစည်းအဝေးသို့ မြန်မာအစိုးရ ဒုတိယ၀န်ကြီး လာရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Thursday, November 13, 2008

" ရဲရွာရေအားလျှပ်စစ်စီမံကိန်း"

နေပြည်တော် နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး၊တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးမား ဆုံးဖြစ်သောရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာရဲ-ယမန်းကျေးရွာအနီး ဒုဌ၀တီမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ်၌ တည်ရှိသည်။ အဆိုပါစီမံကိန်းကြီး တည်ဆောက် ပြီးစီးသွားပါက ရေလှောင်တမံမှရေကို ရေယူအဆောက်အအုံ (Power Intake ) ရှိအချင်း ၂၂ ပေ၊ အလျား ၄၉၂ ပေရှိသည့်ဖိအားမြှင့်သံမဏိပိုက်လုံးလေးလုံးမှတစ်ဆင့် စက်တစ်လုံးလျှင် စက်တပ်ဆင် အင်အား ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်အင်အားရှိသည့် ဖရန်စစ်တာဘိုင် အမျိုးအစားဓာတ်အားပေးစက် လေးလုံးသို့ ပို့လွှတ်ကာ စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ မှ လျှပ်စစ်ဓာတ်အားနှစ်စဉ် ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၅၅၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အဆိုပါလျှပ်စစ်ဓာတ်အားများကို ကေဗွီ ၂၃၀ ရှိသည့် လယ်ဝေး၊ မိတ္ထိလာ၊ သာစည် တိုးချဲ့ ဓာတ်အားခွဲရုံမှတစ်ဆင့် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ကာ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။

ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်တမံ (Roller Compacted Concrete Dam ) အမျိုးအစားဖြင့် တည်ဆောက်ထားသည်။ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ တမံထုထည်သည် ကမ္ဘာပေါ်၌တတိယ အကြီးဆုံးဖြစ်ပြီး တမံအမြင့်သည် ကမ္ဘာပေါ်၌ ပဉ္စမအကြီးမားဆုံး ဖြစ်ကြောင်း သိရှိရပါသည်။

Wednesday, November 12, 2008

“ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့တာ ထိရောက်သလား ”

အမေရိကန်တွင် သမ္မတအသစ်ပြောင်းလဲချိန်၌ နအဖအစိုးရအပေါ် လုပ်ဆောင်ထားသော ပိတ်ဆို့ရေး မူဝါဒများကို ကျွန်တော်တို့ ပြန်သုံးသပ်သင့်ပြီးထင်ပါသည်။ စီးပွားရေးပိတ်ဆို့မှု ထိရောက်သလား၊ မထိရောက် သလား...လက်တွေ့ကျကျ (အမှန်အတိုင်း)ပြောလိုသဖြင့်ဤဆောင်းပါးကို ရေးသားပါသည်။ ပြည်ပရောက်အဖွဲ့ အစည်းများအတွင်း မှာပင် ၀ိဝါဒကွဲလွဲနေပါသည်။ စီးပွားရေးပိတ်ဆို့လိုသူများနှင့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်း လိုသူများဟူ၍ ကွဲပြားနေသည်။

အမေရိကန်နှင့် အီးယူနိုင်ငံများက ၂၀၀၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့သည်။ စီးပွားရေးပိတ်ဆို့လိုက်သည့်အတွက် မြန်မာနိုင်ငံရှိ ကုမ္ပဏီတော်တော်များများ ပိတ်လိုက်ရသည်။ ပြည်သူထောင် ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားသည်။ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် တစ်ဖက်နိုင်ငံများသို့ သွားရောက်ကြသည်။ တစ်ချို့က ဒုက္ခသည်စခန်းတွင် ခိုလှုံသည်။ တစ်ချို့က ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရပြီး လုပ်အားခ အလွန်နည်းပါးသည်။ သူများနိုင်ငံတွင် မျက်နှာငယ်စွာနေကြရသည်။

စီးပွားရေးပိတ်ဆို့မှုကြောင့် နအဖအစိုးရ ပြုတ်ကျမသွားခဲ့ပါ။ တရုတ်၊ကုလားနှင့် အာဆီယံတို့၏ ထောက်ခံ မှုဖြင့် နအဖ၏စီးပွားရေးလုပ်ငန်းများ အရှိန်မပျက်ခဲ့ပါ။ နအဖတွင် နိုင်ငံခြားငွေ ရသင့်သလောက်မရသည်က လွဲ၍ ထူးခြားစွာအကျိုးမယုတ်ခဲ့ပါ။ တကယ်တမ်းအထိနာခဲ့သည်မှာ ပြည်သူများသာဖြစ်သည်။

မနေ့တစ်နေ့ကပင် '' မြန်မာ-တရုတ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ၂.၄ ဘီလီယံထိ တိုးတက် '' ဟူသော သတင်း ဖတ်လိုက်ရသည်။ အနောက်နိုင်ငံများမှ တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေး အနေအထားအရ စီးပွားရေးအင်အားကြီးနိုင်ငံများအဖြစ် ပြောင်းလဲလာနေသော ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးများနှင့် အကျိုးတူစီးပွားများ တိုးတက်လျက်ရှိနေပါသည်။ တနည်းအားဖြင့် စားသုံးသူဈေး ကွက်ကြီးနှစ်ခုနှင့်နီးကပ်စွာရှိနေသော နိုင်ငံငယ်လေးကို တစ်ဖက်သတ်စီးပွားရေး ပိတ်ဆို့ထားပေမဲ့ သယံဇာတပေါကြွယ်ဝမှုနှင့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်များကြောင့် အနောက်နိုင်ငံ များ၏ စီးပွားရေးပိတ်ဆို့မှုများကို ပြည်သူအများ ကြံကြံခံနိုင်နေခြင်းပင်ဖြစ်ပါသည်။ တရုတ်/အိန္ဒိယကဲ့သို့ နိုင်ငံများနှင့်သာမက နအဖနှင့်အာဆီယံ ကုန်သွယ်မှုပမာဏမှာ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ကုန်သွယ်မှု ပမာဏ၏ ၅၁.၈၈ ရာခိုင်နှုန်းရှိကြောင်း ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နယူးဇီလန် ၀န်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ မစ္စတာမိုက်(ခ်)မောက စီးပွားရေးပိတ်ဆို့မှုဆိုတာ နိုင်ငံတကာက ဘယ်လောက်ညီညွတ် သလဲဆိုတဲ့အပေါ်မှာ မူတည်ကြောင်း၊ အဓိက စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့နိုင်ငံကြီးတွေက ချိုးဖောက်လိုက်ပြီဆိုရင် အနှောင့်အယှက် တွေဖြစ်လာနိုင်ကြောင်း၊ လူလက်တစ်ဆုတ်စာက လက်ဝါးကြီးအုပ်ပြီး ပိုက်ဆံအများကြီးရသွားတဲ့ အခြေအနေကို ဖန်တီးရာရောက်သွားမဲ့ အကြောင်း ဒီဗွီဘီနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသွားခဲ့သည်။

မစ္စတာမိုက်(ခ်)မောကဲ့သို့ပင် အရှေ့တောင်အာရှစီးပွားရေးကောင်စီ၏ အမေရိကန်အသင်းဥက္ကဌမစ္စတာ မက်သရူးဒလေက “ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအောင်မြင်ခြင်းမရှိကြောင်းနှင့် မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲလာရန် နောင်တက်မည့် အမေရိကန်အစိုးရအနေဖြင့် နည်းပရိယာယ်ပြောင်းလဲ နိုင်ကြောင်း ” ပြောကြားခဲ့သည်။ ၎င်းက “ ကျနော်တို့ ဒီလိုကောက်ချက် မချလို့မဖြစ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ရဲ့ မူဝါဒဟာ မြန်မာကိုမှန်ကန်တဲ့ဘက် ဆီဦးတည်ရွေ့သွားအောင် မလုပ်နိုင်တဲ့အပြင် သူတို့ဆောင်ရွက်လာအောင်လုပ်နိုင်တဲ့ အလားအလာလည်း ဘာမှမရှိပါဘူး ” ဟု ၀ါရှင်တန်ဆွေးနွေးပွဲတစ်ခု၌ပြောသည်။

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို မည်သည့်နိုင်ငံကမှ အားမပေးကြောင်း၊အာဆီယံနိုင်ငံများကလည်း ထောက်ခံခြင်း မရှိကြောင်းနှင့် ထိုအချက်သည် အမှန်တရားဖြစ်ပြီး မငြင်းသာသည့်အချက်ဖြစ်၍ ပြည်ပရောက် မြန်မာအသိုက်အ၀န်း၏ လက်ခံအသိအမှတ်ပြုမှုများလည်း တိုးပွားလာနေကြောင်း၊ ယခုအမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှု မူဝါဒပြောင်းလဲပစ်မည်ကို တွေ့ရမှာဖြစ်ကြောင်း မစ္စတာ ဒလေက ဆက်လက်ပြော ကြားသွားခဲ့သည်။

“ မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်အိန္ဒိယတို့ကဲ့သို့ အင်အားကြီးနိုင်ငံများ၏ ထောက်ခံမှုရနေသမျှကာလ ပတ်လုံး စီးပွားရေးပိတ်ဆို့မှုများ အကျိုးမရှိပါ ” ဟု အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ် အောင်ကင်ယောင် ကလည်း ယခင်က ပြောကြားခဲ့သည်။ ထိုင်းအစိုးရသစ်၏ ပေါ်လစီတွင် မြန်မာပြည်၏လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသည် စီးပွားရေး အကျိုးစီးပွား၏ လက်အောက်ခံသာဖြစ်သည်ဟုဆိုကာ ထိုင်းသည်မြန်မာ၏ အဓိကကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ထိုင်းနိုင်ငံသည် ဗြိတိန်နှင့်စင်ကာပူနိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ဗြိတိန်နိုင်ငံက ၁.၅၆ ဘီလီယံ၊စင်ကာပူက ၁.၄၃ ဘီလီယံနှင့် ထိုင်းနိုင်ငံက၁.၃၄ ဘီလီယံ(အမေရိကန်ဒေါ်လာ) မြန်မာအစိုးရနှင့် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ခံနေရသည့်ကြားမှ နိုင်ငံခြားကုန်သွယ်မှု ၃၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

လက်တွေ့အဖြစ်အပျက်များအရ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုသည် နအဖအစိုးရအား ထိခိုက်မှု အနည်းငယ်သာဖြစ်စေပြီး အမေရိကန်လုပ်ငန်းရှင်များနှင့် မြန်မာပြည်သူများသာနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့သည် မှာအမှန်ဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ကျနော်တို့မျှော်လင့်တောင့်တနေသော ဒီမိုကရေစီလည်း ချက်ချင်း ရမလာခဲ့ပါ။

ယခုအခါ အမေရိကန်တွင် (၄၄) ဦးမြောက်သမ္မတအဖြစ် မစ္စတာအိုဘားမားအား ရွေးချယ်တင်မြှောက် ခဲ့ပြီးဖြစ်ပေရာ အမေရိကန်သမ္မတသစ်အား ပြည်တွင်း/ပြည်ပရှိ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆင်းရဲလှသော မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ခြင်း ပယ်ဖျက်ရန်တောင်းဆိုသင့်ပါကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


ဤဆောင်းပါးကို ပေးပို့သည့် ထိုင်းနိုင်ငံမှ Mr ရစ်ချက်စ် ကို ကျေးဇူးတင်ရှိပါသည်။

Tuesday, November 11, 2008

၉-၁၁-၂၀၀၈ ရက်နေ့ မြန်မာ့အလင်းသတင်းစဉ်မှ ဖော်ပြချက်

ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လုပ်ကွက် AD-7 အတွင်း လိုအပ်သည့် စမ်းသပ်တိုင်းတာမှု (servey) လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ် မူလသတ်မှတ်ထား သည့် လုပ်ငန်းအစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်။

မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်းရှိ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် လုပ်ကွက်များလစ်လပ်မှုများကို နိုင်ငံတကာသို့ ကြေညာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ကမ်းလွန်လုပ်ကွက် A-1 ကို အဆိုပြုချက် ယှဉ်ပြိုင်အောင်မြင်ခဲ့သည့် ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်သည် ရှာဖွေတူးဖော်ရေး (Exploration) လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ကွက်အတွင်းမှ နိုင်ငံတကာအဆင့်မီ စီးပွားဖြစ်သဘာဝဓာတ်ငွေ့များ တွေ့ရှိမှုကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဆောင်ရွက်သွားမည်

ဒေ၀ူးအင်တာနေရှင်နယ်ကော်ပိုရေးရှင်းသည် ရခိုင်ကမ်းလွန်လုပ်ကွက်များဖြစ်သည့် လုပ်ကွက် A-3 ကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ လုပ်ကွက် AD-7 ကို ၂၀၀၅ ခုနှစ်တွင်လည်းကောင်း အဆိုပြုချက်များ၊ ထပ်မံယှဉ်ပြိုင်အောင်မြင်ခဲ့ပြီး လုပ်ကွက်များအတွင်း သဘာဝဓာတ်ငွေ့ခိုအောင်းမှု အခြေအနေများသိရှိနိုင်ရန် ဆိုက်စမစ်(Scismic) တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ကွက် AD-7 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၉ မိနစ် ၇ ဒသမ ၈၈ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄ မိနစ် ၂၃ စက္ကန့်နေရာ၌ ပုလဲအနောက် ၁(က)ရှာဖွေရေးတွင်း (Exploration Well)ကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေမှ နိုဝင်ဘာလ ၅ ရက်အတွင်း ရည်မှန်းချက် အနက်ပေအထိ တူးဖော်ခဲ့ပြီး လိုအပ်သည့် စမ်းသပ် တိုင်းတာမှု(Servery)လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအရ လက်ရှိတွင်းနေရာမှ ရေနံတွင်းတူးစက်ကို ထပ်မံစမ်းသပ်တူးဖော်မည့် လုပ်ကွက် A-3 အတွင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၂ မိနစ် ၅၇ ဒသမ ၉၉ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၀ မိနစ် ၄၆ ဒသမ ၇၇ စက္ကန့်နေရာရှိရာရှာဖွေရေးတွင်း သန္တာ(၁)သို့ ရွှေ့ပြောင်းတူးဖော်နိုင်ရေးအတွက် တွင်းတူးစက် ရုပ်သိမ်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၈ ရက်တွင်ပြီးစီးသဖြင့် စတင်ပြောင်းရွှေ့လျက်ရှိကြောင်းနှင့် မူလသတ်မှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

Sunday, November 09, 2008

မြန်မာ-တရုတ် ကုန်သွယ်မှု ကန်ဒေါ်လာ ၂.၄ ဘီလီယံ ထိ တိုးတက် ဟုဆို

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းလောလောဆယ်ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကုန်သွယ်မှုမှာ အရှိန်အဟုန်ဖြင့်တိုးတက်နေပြီး ၂၀၀၇-၂၀၀၈ ခုနှစ်စာရင်း ကိန်းဂဏန်းများအရ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံ ထိတိုးတက်ရောက်ရှိလာကြောင်း မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနန်နင်းမြို့တွင်ကျင်းပသော(၅)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ၂၀၀၄ခုနှစ်က ချစ်ကြည်ရေးခရီးလာရောက်စဉ် နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးခဲ့သည့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ မြှင့်တင်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတွင်တရုတ်-မြန်မာကုန်သွယ်မှုပမာဏကို ၂၀၀၅ခုနှစ်တွင် အမေရိကန် ဒေါ်လာ၁.၅ဘီလီယံ ရရှိစေရန် အတွက်ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြပါရှိကြောင်း၊ သို့ရာတွင် ၂၀၀၇-၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၄ဘီလီယံထိတိုးတက်လာပြီး အဆိုပါကုန်သွယ်မှုပမာဏမှာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ စုစုပေါင်း ၏ ၂၄.၂ရာခိုင်နှုန်း ရှိကြောင်း ၄င်းကပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုအနေဖြင့် မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ စတုတ္ထနေရာတွင် ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေသည့် ကဏ္ဍများမှာ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ကုန်သွယ်ပမာဏမှာ ၂၀၀၇-၂၀၀၈ခုနှစ်တွင်စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏၅၁.၈၈ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အစည်းအဝေးတွင်ပြောကြားကြောင်း ၂၀၀၈ခုနှစ် နိုဝင်ဘာလ၁၀ရက်နေ့ ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Friday, November 07, 2008

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာတောင်းဆိုမှုကို လက်ခံနိုင်ခြင်းမရှိသဖြင့် ပယ်ချကြောင်း မြန်မာစစ်အစိုးရမှ သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လက်တလောအငြင်းပွာနေသော ရေပိုင်နက်နှင့် ပတ်သက်၍ နေပြည်တော်မှ နိုဝင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။ ၎င်းသတင်းထုတ်ပြန်ချက်အရ-မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်း ကျရောက်သော ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် AD-7 လုပ်ကွက် ကို ၂၀၀၅ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပို့ရေးရှင်းမှ တင်ဒါ အောင်မြင်ခဲ့ကြောင်း။

ဒေ၀ူးအင်တာနေရှင်နယ် ကော်ပို့ရေးရှင်းအနေဖြင့် အဆိုပါ AD-7 လုပ်ကွက်အတွင်း ၂၀၀၇ ခုနှစ်၌ ရှာဖွေရေးလုပ်ငန်းများကို လည်းကောင်း၊ ၂၀၀၈ခုနှစ်၊စက်တင်ဘာလမှစ၍ စမ်းသပ်တူးဖော်ခြင်း လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက AD-7 လုပ်ကွက် သည် ၎င်းတို့၏ ရေပိုင်နက်အတွင်း ကျရောက်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံမှ တူးဖော်နေမှုများကို ချက်ချင်း ရပ်တန့်ပေးရန်ဖြစ်ကြောင်း ဥပဒေမဲ့မှားယွင်းစွာ တောင်းဆိုလာခဲ့ကြောင်း။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာဥပဒေများ အတိုင်း ဆောင်ရွက်ရန်ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်အစိုးရ၏ နိုဝင်ဘာလ ၆ ရက် နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားပါသည်။

Chrome.exe ဆိုတဲ့ ဂျီတော့တွေမှာ သူအလိုလို စာတွေလိုက်ပို.တဲ့ ဗိုင်းရပ်လေး အကြောင်းပါ

ဒီအကြာင်းလေးကတော့ Chrome.exe ဆိုတဲ့ ဂျီတော့တွေမှာ သူအလိုလို စာတွေလိုက်ပို.တဲ့ ဗိုင်းရပ်လေးကို သတ်မယ့်နည်းလမ်းပါဗျာ။

privateCam ဆိုတာ အဲဒီဗိုင်းရပ်ပါ။သူ.ကို Run မိပြီးသွားပြီပဲထာပါတော့ ဆိုးကြိုးတွေကတော့ ဂျီတော့မှာ ကိုယ်ကစာတွေမရိုက်ပဲနဲ. သူဘာသာစာတွေ လိုက်ပို.တယ်။



ကိုပြည့်စုံမှ လက်ဆင့်ကမ်း ပြန်လည်ဖော်ပြအပ်ပါသည်။ ကိုပြည့်စုံကျေးဇူးတင်ပါတယ်ဗျာ ....

chrome ဂျီတော့ ဗိုင်းရပ်စ် ဖြေရှင်းနည်း

Thursday, November 06, 2008

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုန်စေတီတော်ရှိ မြတ်စွာဘုရား၏ ခြေတော်ရာအား ဖူးမြော်နိုင်ကြောင်း

6-11-2008(THU)
ခြေတော်ရာသည် ကောင်းမှုလုန်စေတီတော်ဘုရား၏ မြောက်ဘက်မုခ်ရှိ ဂန္ဓကုဋီတိုက် အတွင်းတည်ရှိပြီး စော်ဘွားများလက်ထက်က ကျောက်သားစစ်စစ်ဖြင့် ထုလုပ်ကိုးကွယ်ခဲ့ကြခြင်းဖြစ်ကာ ခြေတော်ရာ ကျောက်သားပေါ်တွင် မြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ်များအား ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် ရေးထွင်းထားသည့် စာများပါရှိပါသည်။

ခြေတော်ရာသည် ကျောက်သားစစ်စစ်ဖြစ်၍ အလေးချိန်အားဖြင့် ၁၂၀၀ ပေါင်ခန့် ရှိပြီး ၂၀၀၀ ပြည့်နှစ်တွင် စေတီတော်ဥာဏ်တော်မြှင့်ရန် ပြန်လည်မွမ်းမံစဉ် အရွှေ့အပြောင်း၌ ထက်ပိုင်းကျိုးသွားခဲ့ပါသည်။ သို့ဖြစ်၍ ခြေတော်ရာအား မူလအနေအထားသို့လည်းကောင်း၊ ပလ္လင်နှင့်ဂန္ဓကုဋီတိုက်ပြုလုပ်ပြင်ဆင်ရန်အတွက် လည်းကောင်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

ကျွန်တော်တို့ရဲ့ သာယာလှပတဲ့ မန္တလေးအလှပါဗျာ ....





ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်မှကျောက်နဂါး

6.11.2008
ပူတာအိုခရိုင်၊ မချမ်းဘောမြို့ ၊ မချမ်းဘော့-ခေါင်လန်ဖူးကားလမ်းမြောက်ဘက်တွင် ကျောက်နဂါး တည်ရှိ ပါသည်။

ရှေးနှစ်ပေါင်းများစွာက မချမ်းဘောမြို့တွင် အလွန်ဆင်းရဲသည့် အဖွားအိုနှင့်မြေးမလေးနှစ်ဦးရှိခဲ့ပြီး သူတို့ နှစ်ဦး မလိခမြစ်ကမ်းဘေးသွားစဉ် မြစ်အတွင်းရှိ နဂါးကြီးမှ မြေးမလေးအား ဆွဲယူသွားသဖြင့် အဖွားအိုမှာ ကျိန်ဆဲ လိုက်ရာ နဂါးကြီးအား မိုးကြိုး (၃)ချက် ထိမှန်ခဲ့ကြောင်း၊သို့ဖြစ်၍ နဂါးကြီးမှာ ကုန်းပေါ်သို့ ပြေးတက်ရာ လက်ရှိ နေရာတွင် နောက်ဆုံးမိုးကြိုးထိမှန် သေးဆုံးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ နဂါးအရိုးစုသည် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပါးစပ်ရာဇ၀င်နှင့် ဒဏ္ဍာရီ အရ သိရှိရပါသည်။

ကျောက်နဂါး၏ ခေါင်းမှအမြီးထိအရှည်မှာ ၁၂၂ ပေ ရှည်ပြီး ဗျက် ၄ ပေ ခန့်ရှိကာ မချမ်းဘောမြို့နယ်၊ နမ်းခမ်းရွာ၊ နောင်ခိုင်ရွာ နှင့် လန်းတောင်ရွာတို့မှ ဒေသခံရှမ်းလူမျိုးများက နဂါး၏ ကျောက်ဖြစ်ရုပ်ကြွင်းဟု ယုံကြည်လျက် ဆီမီးအမွှေးတိုင်၊ နွားနို့၊ ပေါက်ပေါက်၊ ကြက်ဥ တို့ဖြင့် ယနေ့တိုင်ပူဇော်ပသလျှက် ရှိကြပါသည်။


မလိခမြစ်အတွင်း ရေနစ်သေဆုံးပါက နဂါးဆွဲယူသည်ဟု ဒေသခံများကယနေ့တိုင် ယုံကြည်လျှက်ရှိကြောင်း သိရှိရပါသည်။

စက်မှုဇုန်ထုတ်ကားများ အရောင်းကျဆင်းနေ


မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများ အပြိုင်အဆိုင် တိုးပွားလာခြင်း၊ ပြည်တွင်းသို့ ဂျပန်ကား တင်သွင်းမှု မြင့်တက်လာခြင်း၊ ပြည်တွင်း စက်မှုဇုန်ထုတ် ကားအရည်အသွေး ကျဆင်းခြင်း၊ စီးပွားရေး ကျဆင်းမှုများကြောင့် ကားအရောင်းအ၀ယ် ဈေးကွက်တွင် ပြီးခဲ့သည့် နှစ်ပတ်ခန့်မှ စတင်ကာ ယခုလို အရောင်းကျဆင်းသွားကြောင်း ရန်ကုန်မြို့ပေါ်ရှိ ကားထုတ်လုပ်သူများနှင့် ကားပွဲစားများက ပြောဆိုခြင်း ဖြစ်သည်။(မဇ္ဈိမသတင်း)
"နှစ်ပတ်လောက်တော့ ရှိပြီ။ ကျနော့် သူငယ်ချင်းတယောက်က စက်မှုဇုန်ကနေ အရစ်ကျ ၀ယ်တာက ၁၆၅ သိန်း၊ Toung Ace ကားပုံစံ ထုတ်ထားတာ ပြန်ရောင်းလိုက်တာ ၁၄၀ ပဲ ပေါက်တော့ အမြတ်မရှိဘူး။ Saloon ကားလောက်ပဲ နည်းနည်း ရောင်းရတယ်။ ဦးပိုင်ကားတွေလည်း အ၀င်များနေတော့ ဈေးကျတယ်" ဟု ရန်ကုန်မြို့ပေါ်ရှိ အကြားအမြင်များသည့် ကားပွဲစားတဦးက ပြောသည်။
သူက "ကားဈေးကွက်မှာ အရောင်းမ၀ယ်တောင် မရှိသလောက် ဖြစ်နေတယ်။ လူတွေ လက်ထဲမှာ ငွေမှ မရှိကျတော့တာ။ ၀ယ်ဖို့ဆိုတာ ဝေးသေး။ စက်မှုဇုန်ကားတွေက ၀ယ်ပြီးရင် အများကြီး ပြန်ပြင်ရတယ်လေ။ ဆီတိုင်လည်နေရင်တောင် တာယာက မလည်တာလည်း ရှိသေးတယ်လေ။ စက်ရုံအလုပ်သမားတွေကို ကားကြိုပို့လုပ်တဲ့သူတွေ အနီးအနားတော့ သွားလို့ ရတယ်။ စီးလို့ မကောင်းဘူး။ အရည်အသွေးကလည်း မကောင်းဘူးဆိုတော့ အနည်းဆုံး ၂ သိန်းလောက်ကုန်တယ်" ဟု သူက ပြောသည်။
ယခင်က အရောင်းအ၀ယ် လုပ်ရာတွင် အမြတ်များသည့် ပြည်တွင်း စက်မှုဇုန်ထုတ်ကား ပိုင်ရှင်များအနေဖြင့် လက်ရှိ အနေအထားတွင် ကျပ်သိန်း ၃၀ ခန့်အထိ အရှုံးပေါ်နေကြောင်းနှင့် အခြားသော ဂျပန်ကား မော်ဒယ်နိမ့်များသည်လည်း ပျမ်းမျှတစီးလျှင် ကျပ်သိန်း ၂၀ မှ ၃၀ အထိ ကျဆင်းနေကြောင်း ဟံသာဝတီပွဲစားများက ပြောသည်။
''Engineering မကောင်းတာလည်း ပါတယ်။ ပစ္စည်းတွေက တနှစ်လောက်သုံးပြီးသွားရင် သံချေးတက်သွားတယ်။ အဓိက ကားဘော်ဒီလုပ်တဲ့ သံပြားဆိုရင် ပါးပါးလေး။ မိုးတမိုး ပြီးသွားတာနဲ့ သံချေးတက်သွားပြီ။ နောက် စက်မှုဇုန်က ၀ယ်ပြီးတာနဲ့ အကုန်ပြန်ပြင်ရတယ်။ သုံးတဲ့ ပစ္စည်းတွေကလည်း အဟောင်းတွေပဲ သုံးရတယ်လေ'' ဟု အခြား ကားပွဲစားတဦးကလည်း ပြောသည်။
တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံများမှ ကားအဟောင်းများအကို အင်ဂျင်သွင်းကာ ကုမ္ပဏီများက အချောပြန်ကိုင်ပြီး သုံးစွဲကြသော်လည်း နည်းပညာ ကျွန်းကျင်မှုနှင့် စက်ပစ္စည်းပိုင်း အားနည်းကြောင်း သူက ဆက်ပြောသည်။
စီးပွားရေး ဦးပိုင်လိမိတက်များမှ ဂျပန်ကားများကို တိုးမြှင့်တင်သွင်းနေပြီး ပြည်တွင်း ကုမ္ပဏီအချို့မှ ကားများ တင်သွင်းလာနေမှုကြောင့် မြန်မာနိုင်ငံ ကားဈေးကွက်မှာ ဈေးနှုန်း ကျဆင်းလျက်ရှိပြီး အကောင်းဘက်သို့ ဦးတည်လာသော်လည်း များပြားလှသည့် ပြည်တွင်းထုတ် ဂျစ်များ၊ Light Truck များမှာ ဈေးကွက်အတွင်း ဂျပန်ကားနှင့် ယှဉ်ပါက ဈေးနှုန်း ကွာဟမှုကြောင့် ၀ယ်ယူသူဦးရေ ကျဆင်းလာကြောင်း ကားပွဲစားများက သုံးသပ်ပြောဆိုကြသည်။
ဂျပန်နိုင်ငံထုတ် Super Saloon ကားဈေးမှာလည်း သိန်း ၃၀၀ ကျော်မှ ယခုဈေးမှာ သိန်း ၂၅၀၊ Suzuki R+ ခေါ် ဂျပန်ဖက်စပ်ကား ဈေးနှုန်းမှာ သိန်း ၅၀၀ မှ သိန်း ၄၆၀ သိန်းခန့်အထိ ကျဆင်းနေသည်။ ထို့အပြင် ရန်ကုန်မြို့ထုတ် Light Truck ဂျစ်ကား ဒေသ ခေါ် (ဂျစ်ပု)၊ ရှမ်းစတား၊ မန္တလာ၊ ထီလာဂျစ်ကား ဈေးနှုန်းများမှာ ယခင်က ကျပ်သိန်း ၁၃၀ မှ ယခုအခါ သိန်း ၈၀-၉၀ ခန့်အထိ ထိုးကျနေသည်။
အလားတူ လက်ရှိ ရန်ကုန်မြို့တွင် လူကြိုက်များနေသည့် ရန်ကုန်ဂျစ်ကားမှာ ယခင် ၁၃၅ သိန်းမှ ယခု ၁၂၀ သိန်းထိ ကျသွားသည်။
တောင်ဒဂုံမှ Light Truck ထုတ်သူတဦးက "၀ယ်တဲ့သူတွေက အရင်ဆို ငွေကြိုပေးတယ်လေ။ ဒါဆို သူတို့လည်း ပိုကိုက်သလို၊ ကျွန်တော်တို့လည်း အလုပ် အဆက်မပြတ် လုပ်ပေးရတယ်။ အခုဟာက ၀ယ်ထားပြီး မကိုင်ရဲတော့ဘူး။ ကိုင်ထားတဲ့သူတွေလည်း အားလုံး ရှုံးနေတော့ အော်ဒါအသစ်လည်း မ၀င်၊ အဟောင်းတွေလည်း ၀ယ်သူမရှိ ဖြစ်နေတယ်" ဟု ဆိုသည်။
ရန်ကုန်ရှိ ကားရောင်းဝယ်ရေး ကုမ္ပဏီများကလည်း ကားရောင်းဝယ်ရေး အလုပ်မဖြစ်ဘဲ ရှိနေသည်။
တောင်ဒဂုံမြို့နယ်ရှိ ဂျစ်ကား ထုတ်လုပ်ရေးနှင့် တောင်ကြီး စက်မှုဇုန်မှ Light Truck ၊ ဂျစ်ထုတ်လုပ်သည့် ကုမ္ပဏီများတွင်လည်း အမှာစာများ လက်ခံရရှိခြင်း မရှိ၍ လုပ်ငန်းလည်ပတ်မှုအချို့ ရပ်ဆိုင်းရန် ပြင်ဆင်နေပြီဖြစ်သည်။

Tuesday, November 04, 2008

တရုတ်နိုင်ငံရှန်ဇီးပြည်နယ်တွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်


တရုတ်နိုင်ငံ ရှန်ဇီးပြည်နယ် ရောင်တူးကျောက်မီးသွေးတွင်းတွင် တနင်္ဂနွေနေ့က ပေါက်ကွဲမှုဖြစ်ပွား၍လုပ်သား ၂၄ ဦး သေဆုံးပြီးလျှင် အခြားသူ ၂၀ ဦးမှ ပျောက်ဆုံး လျက်ရှိသည်ဟု နိုင်ငံပိုင် သတင်းဌာနမှကြေငြာသည်။ အချိန်ကြာလာသည်နှင့်အမျှ အဆိပ်ဓါတ်ငွေ့ ပိုမိုထွက်ပေါ်လာသဖြင့် ပျောက်ဆုံးနေသူများ အသက်ရှင်ဖွယ်မရှိသဖြင့် ကယ်တယ်ရေးလုပ်သားများကလက်လျှော့လိုက်ပြီဖြစ်သည်။ မိုင်းတွင်းလုပ်သား ၇ ဦးခန့်သာ အသက်ရှင်လွတ်မြောက်ခဲ့သည်။ (အေအက်ဖ်ပီ)


ဒီနိုင်ငံက သက်ကြီးရွယ်အို !!!


ကုန်ဆုံးခါနီး ဘ၀နေ့ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့အတွက် ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ့ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ နိုင်ငံ၏မြင့်မြတ်သော ယဉ်ကျေးမှုအတွက် ဂုဏ်ယူမိသည်-
စာမူပေးပို့ပေးတဲ့ အတွက် '' တန်ခူး " ကိုကျေးဇူးတင်ပါတယ်

ဒီနိုင်ငံက သက်ကြီးရွယ်အို"အနန္တဂိုဏ်းဝင် ကျေးဇူးရှင်"၊ "ကြီးသူကိုရိုသေ၊
ငယ်သူကို သနား၊ ရွယ်တူကို လေးစား" …စတဲ့ အဆုံးအမတွေနဲ့
ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလိုမြန်မာလူမျိုး တယောက်
အတွက်ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊
မြင်တိုင်း၊ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။
ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲ
လို့ မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။

မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ့ ရတတ်သည်။ အင်္ကျီဗလာ
ဘောင်းဘီတိုနဲ့ ဘာဂျာကို အဆက်မပြတ်မှုတ် ဘောလုံးလေးကစားပြရင်း
ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ်
ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလို ပင်ပင်ပန်းပန်း
ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို့ တွေလျှင် လူတွေက သူဖျော်ဖြေတာကို
ပြုံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှ မပြုံးနိုင်ပါ။
ပိုက်ဆံလှူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့် သူ့ ကို
ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ့ ကို မတွေ့ ရတာ ကြာပြီ။
တစ်ခုခုများဖြစ်သွားလားလို့  တွေးပြီးစိတ်ပူမိသေးသည်။
*****

မြင်ကွင်း(၂)
ရုံးက သူငယ်ချင်းနဲ့  စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ့ အမေက
ရုံးတစ်ရုံးမှာ သန့် ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံသြသွားသည်။
ရုံးမှာ သန့် ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊
အိမ်သာဆေးတဲ့ အထိ။ Brand တွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊
နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကို
ဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့်နေလောက်အောင်
မချို့ တဲ့တာ သေချာသည်။ အမေက အသက်ဘယ်နှနှစ်လဲဆိုတော့ ၆၅ တဲ့။
အကြောင်းပြချက်ကတော့ အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။
ကျွန်မမှာ စကားလုံးတွေ ရှားပါးကုန်သည်။
*****

မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကို တွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှုပ်သော
စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို့ က စိတ်မရှည်။
ပြည့်နေသောအမှိုက်ပုံးကို တွေ့ တော့ အဖိုးအို၊အဖွားအိုရဲ့
မွဲခြောက်ခြောက် မျက်လုံးလေးတွေ အရောင်လက်သွားသည်။ အဖိုးက
အမှိုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက
အဖိုးကမ်းပေးသော သံဗူးလေးတွေကို ခြေထောက်နဲ့ ဖိပြားပြီး သူတို့ ရဲ့
ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ
မျိုမကျ။ ဒီနိုင်ငံမှာ တွေ့ နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို့နင့်မှုက
အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့ သူတို့ လက်ထဲမှာ ညစာအတွက်
ငွေစလေးတွေ။ တကယ်လို့ များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****

မြင်ကွင်း(၄)
အသက် ၈၀ကျော် ယောက္ခမကြီးကို မကျန်းမာလို့  လူအိုရုံပို့ လိုက်ပြီလို့ 
ကျွန်မ အရာရှိက လာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။
သူ့ယောက္ခမကြီး နေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက
အမြဲ စောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို့ တအိမ်လုံးကို
ယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တစ်မျိုး…
မလိုတော့စွန့် ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမ္ဘာပတ်နေသူတွေက အမေကို
စောင့်ရှောက်ဖို့  မစွမ်းသာတော့ဘူးလား။
သူ့ ကိုနေ့ တိုင်းတော့ သွားတွေ့ မှာပေါ့နော်လို့  လျှာရှည်မိတော့
အချိန်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတစ်လ တစ်ခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊
မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့မျက်ဝန်းတစုံကတော့........။
*****

မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။ တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို
စကားပြောနေသည့် သမီး။ အမေရေချိုးတာ ကြာလို့ ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍
အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။ ဆပ်ပြာတွေနဲ့ အမေထွက်မေးတော့ အမေကို
သင်ခန်းစာပေးသည့် သမီးမျက်နှာက ရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။
မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ့  ငေးကြည့်လို။ ဒါ တကယ့် အဖြစ်အပျက်တဲ့။
ဒီနိုင်ငံက ပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ
TVမျက်နှာပြင်ကို ကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့
ကြေကြေကွဲကွဲ။
*****

မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာ အ၀တ်လာလျှော်နေကျ အဒေါ်ကြီးကို မုန့် ဟင်းခါးဆိုင်မှာ တွေ့ တော့
အမေက နှုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ့ ကို
မုန့်ဟင်းခါးဆိုင်မှာ တွေ့ တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီး
မုန့်ဟင်းခါးစားချင်တယ်ဆိုလို့  ရှိတဲ့ပိုက်ဆံလေးနဲ့ လာဝယ်တာတဲ့။ မြန်မာပြည်
အလည်ပြန်တုန်း တွေ့ လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။
သူ့စေတနာက သူ့ ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက်
မုန့်ဟင်းခါးကုသိုလ်လုပ်လိုက်တော့ သူ့ မှာ ၀မ်းသာလို့ ။ မုန့် ဟင်းခါးမစားရတာ
နှစ်နဲ့ ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****

ကုန်ဆုံးခါနီး ဘ၀နေ့ ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့ အတွက်
ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ့
ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊
ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ နိုင်ငံ၏
မြင့်မြတ်သော ယဉ်ကျေးမှု အတွက် ဂုဏ်ယူမိသည်။
တခူး

ဒီတစ်ပတ် ဖော်ပြလိုတဲ့ လျှို့ ၀ှက်ဆန်းကြယ်ဆုံး သစ်ပင်



ဒီသစ်ပင်ကတော့ အိန္ဒိယနိုင်ငံ Andra Pradesh တောထဲမှာ သဘာဝအတိုင်း ပေါက်နေတဲ့သစ်ပင်ပါ ။ ထူးဆန်းတာက သစ်ပင်မှာ တိရိစ္ဆာန် ပုံတွေ ပေါ်နေတာပါ။